ကမမောင်းမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကမမောင်း မေ ၁၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း သံလွင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးမင်း၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဦး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့ကြသည်။ 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးမင်းက ကျောင်းတွေမှာ ဆရာမတွေရဲ့ သင်ကြားမှုက အရေးပါကြောင်း၊ နိုင်ငံရဲ့ပညာရေးစနစ်မြင့်မားဖို့လိုသလို ကျောင်းတွေက မွေးထုတ်ပေးလိုက်တဲ့ ခလေးတွေဟာပညာပြည့်ဝ နှလုံးလှဖို့လိုကြောင်း၊ ပညာ တတ်ရုံမကပဲ နိုင်ငံတော်ကိုချစ်တဲ့ နိုင်ငံ့သားကောင်းတွေလဲ အများကြီးလိုကြောင်း၊ လူအများနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန် လူမှုပတ်ဝန်းကျင်နှင့်ပတ်သတ်တဲ့ စည်းကမ်းပိုင်းဆိုင်ရာတွေကိုလည်း သင်ကြားပေးရန်လိုကြောင်း အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းဦးက သင်တန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၅၆) ဦးအား ၁၄.၅.၂၀၂၆ ရက်နေ့မှ ၂၄.၅.၂၀၂၆ ရက်နေ့အထိ (၁၁)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကမမောင်း(ပြန်/ဆက်)