စေတုတ္တရာ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီမျိုးစေ့နှင့် ပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြစံမှ ကော်ဖီပျိုးပင် စိုက်ပျိုးနည်းစနစ်များ၊ အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်ရေး ရေရှည်တည်တံ့သည့် ကော်ဖီစိုက်ပျိုးနည်းစနစ်များကို တက်ရောက်လာသော ကော်ဖီစိုက်ပျိုးသည့် တောင်သူများအား ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမိုးတင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က တောင်သူများအား ကော်ဖီမျိုးစေ့နှင့် ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးမည့် ကော်ဖီမျိုးစေ့များအား လက်ရှိကော်ဖီစိုက်ပျိုးလျက်ရှိသောဒေသ ရာသီဥတုနှင့်ကိုက်ညီသော၊ စိုက်ပျိုးဖြစ်ထွန်းမှု အလားအလာကောင်းမွန်သော စေတုတ္တရာမြို့နယ် ဒုန်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်တောင်ရွာတွင် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး တောင်သူ(၅၃)ဦးမှ (၁၉၄)ဧကအား တိုးချဲ့စိုက်ပျိုးနိုင်ရန် ကုန်းမြင့်ကော်ဖီ (Arabica )မျိုးစေ့ကီလို(၇၀)အား အခမဲ့ ထောက်ပံ့ပေးခဲ့ပြီး မြေနိမ့်ကော်ဖီ(Robusta) တစ်ဧကစမ်းသပ်စိုက်ပျိုးရန် စေတုတ္တရာမြို့နယ် အမှတ်(၂)ရပ်ကွက် တောင်သူ ဦးသိန်းဟန်ထံ ပျိုးပင်ပေါင်း(၄၃၅) ပင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)