နတ်မောက် မေ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် မူလတန်းပြ ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆရာ ဖြစ်သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းတွင် နတ်မောက်မြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ/ဆရာမ (၃၈၇) ဦးတို့အား သင်ကြားမည့် ဘာသာရပ်များဖြစ်သည့် အခြေခံပညာရေးဥပဒေများ၊ သူငယ်တန်းဆရာလမ်းညွှန်ကို ထိရောက်စွာအသုံးပြုခြင်း၊ သူငယ်တန်းသင်ပြမှုပုံစံ စာအုပ်အသုံးပြုခြင်း(လက်တွေ့)၊ ECCD သဘောတရားအရ Grade-1 သင်ကြားနည်းများ(လက်တွေ့)၊ ECCD Policy & Law၊ ကလေးသဘာဝနှင့် ကလေးစိတ်ပညာ၊ ကလေးဖွံ့ဖြိုးမှု၊ Early Childhood Intervention၊ ကစားခြင်းဖြင့် သင်ကြားခြင်း၊ အစောပိုင်းကာလ စာတတ်မြောက်မှုနှင့် ဘာသာစကားအရေးကြီးပုံစသည့် ဘာသာရပ်များကို နည်းပြ ဆရာ/ဆရာမ(၁၈)ဦးတို့က မေလ (၁၄) ရက်နေ့မှ (၂၄) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း