သရက် မေ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများကို သရက်မြို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသောင်းထိုက်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်း(၄)ခုအနက်တစ်ခုဖြစ်တဲ့ စက်ချုပ်နည်းပညာသင်တန်းကို အခြေခံ(၁)ကြိမ်၊ မွမ်းမံ(၁)ကြိမ် ဖွင့်လှစ်ပြီး နည်းပညာလွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှာဖြစ်ကြောင်း သင်တန်းသူ(၁၅)ဦးအနက် အမှန်တကယ် လုပ်ငန်းထူထောင်ရန်ဆန္ဒရှိတဲ့ ထူးချွန်သင်တန်းသူ (၅)ဦးကိုစံသတ်မှတ်ချက်နှင့် ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ရန် လိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပြုမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုဝင်းတို့က သင်တန်းသူများအား သင်တန်းတွင် အသုံးပြုမည့်ကုန်ကြမ်းပစ္စည်းများအား ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို (၁)လခွဲ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)