ပခုက္ကူ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ရက်(၁၀၀)စီမံချက်ဖြင့် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံ ကိန်းလုပ်ငန်းဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မည့် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှုနည်းပညာ (ပထမအကြိမ်) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်သန္တာယုက "ရက်ကန်းပညာရပ်များတိမ်ကောပပျောက်မှုမရှိစေရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာနှင့် အတတ်ပညာရပ်များဖြန့်ဖြူးပေးနိုင်ရန်၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ် အတတ်ပညာရပ်များ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်နှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ချက်များဖြင့် အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မည့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာဖွင့်လှစ်ပေး ရခြင်းဖြစ်ကြောင်း" ပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ နည်းပြအရာရှိ ဒေါ်ဂေမာန်ပိုင်က သင်တန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် အကြီးတန်းနည်းပြ ဒေါ်ရီရီမြင့်က လက်ရက်ကန်း သုံးဆက်စပ်ပစ္စည်းများ ပေးအပ်ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ(၁၀)ဦး တက်ရောက်မည်ဖြစ်ပြီး ၂၀၂၆ခုနှစ် မေလ ၁၃ ရက်မှ ဇွန်လ ၁၁ ရက်နေ့အထိ စာတွေ့ ၃၀ ရာခိုင်နှုန်း လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)