ဘားအံ မေ ၁၄
ကရင်ပြည်နယ်ဒေသဆိုင်ရာ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏(၂/၂၀၂၆)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၃ ရက် မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဒေသဆိုင်ရာ အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန်အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများစနစ်တကျဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးလက်စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်၍ ဒေသမှထွက်ရှိသည့်ကုန်ကြမ်းများကို အခြေခံ သည့်ကုန်ထုတ်လုပ်မှုများကို အဓိကဆောင်ရွက်သွားကြစေလိုကြောင်း၊ MSME လုပ်ငန်းများ တိုးတက်စေရေး အရင်းအနှီးလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပေးလျက်ရှိပြီး လိုအပ်သည့်ဖြေလျော့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကာ လိုအပ်သည့် နည်းပညာ၊ ဈေးကွက်၊ ဘဏ္ဍာရေးဆိုင်ရာများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားရေးတာဝန် တစ်ရပ်ကဲ့သို့သဘောထားကာ အထူးအလေးထားအားပေးဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်က အစည်းအဝေးတွင် ဆွေးနွေးတင်ပြမည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး အေဂျင်စီအတွင်းရေးမှူး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူးက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့်အေဂျင်စီဖွဲ့စည်းထားရှိမှု၊ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှု၊ အေဂျင်စီအဖွဲ့ဝင် ဌာနများ၏ နည်းပညာနှင့်ကျွမ်းကျင်မှုသင်တန်းများဆောင်ရွက်မှု၊ ပြည်နယ်အတွင်းရှိ မှတ်ပုံတင် MSME လုပ်ငန်းများစာရင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် ပြသရောင်းချခဲ့သည့် ထုတ်ကုန်အမယ်များကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာသည့် ပြည်နယ်အဆင့်အေဂျင်စီများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသတွင်း MSME လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)