မကွေး မေ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် တာဝန်ယူဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ဝင် (၅) ဦးအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ သင်တန်းဖွင့်လှစ်ပို့ချခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မကွေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မကွေးမြို့နယ်ဥပဒေအရာရှိ ဦးအောင်မြတ်သူက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်များ၊ ရပ်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့်အချက်များ၊ ကြီးကြပ်ရေးအဖွဲ့ လုပ်ဆောင်ရမည့်အချက်များနှင့် လုပ်ငန်းတာဝန်များ၊ လိုက်နာရန်စည်းကမ်းချက်များနှင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာကြီးကြပ်ရေးအဖွဲ့များမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အဆိုပါ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ သင်တန်းဖွင့်ပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၁ အုပ်စုမှ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)