ကော့ကရိတ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်ဆင့်ပွား သင်တန်းဖွင့်လှစ်

ကော့ကရိတ် မေ ၁၄

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ KG ၊ Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၉နာရီက ကော့ကရိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက နိုင်ငံ့အနာဂတ်ကလေးငယ်များအား ဖွံ့ဖြိုးရေးဆိုင်ရာသင်ယူမှုနည်းစနစ်များကို တက်ညီလက်ညီပြုစုပျိုး‌ထောင်ပေးသည့် ဉယျာဉ်မှူးဆရာ/မများအား ကျေးဇူးတင် အသိမှတ်ပြုကြောင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးခွန်‌ အောင်မျိုးဆွေက ခေတ်စနစ်ပြောင်းလဲနေမှုကြောင့် ဆရာ/မများနှင့်သင်တန်းများသည် တွဲလျက်ဖြစ် ပေါ်လာနိုင်ကြောင်း၊ မူကြိုသင်ပြမှုစနစ်နှင့် KG ၊ Grade-1သင်ပြမှုစနစ်သည် ကွဲပြားခြင်းရှိသောကြောင့် အခက်အခဲကိုရင်ဆိုင်ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် တက်ကြွစွာပူးပေါင်းသင်ယူစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်က မိခင်ရင်ခွင်မှ ကူးပြောင်းလာသည့် ကလေးငယ်များအား ရှေးဦးအရွယ်ပြုစုပျိုးထောင်ရန် ဖွံ့ဖြိုးမှု ၆ ရပ်နှင့်ညီရန် လိုပါကြောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးမှုကို ကစားခြင်းမှစတင်သင်ယူရမည်ဖြစ်ပြီး စဉ်းစားတွေးခေါ်လာနိုင်သည့်အထိ လေ့ကျင့်သင်ကြားပေးနိုင်ရန်အတွက် သင်ကြားမှုပညာရပ်များကို ဟန်ချက်ညီညီဆွေးနွေးဖလှယ်နိုင်ရန် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကာလကို မေ ၁၄ ရက်မှ ၂၄ ရက်အထိ ၁၀ရက်ကြာဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းနည်းပြ ၂၈ဦးတို့မှ သင်တန်းသား/သင်တန်းသူ ၂၆၁ဦးတို့အား ပို့ချဆွေးနွေးသွားမည်ဖြစ်သည်။  

ခရိုင်(ပြန်/ဆက်)