နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြိုင်ကြီးငူအထူး ဒေသ သစ္စာအေးမြိုင်ရွာ ကတ္တရာလမ်း(၆၀၀၀)ပေ ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

လှိုင်းဘွဲ          ဇန်နဝါရီလ ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသ ယခင်စစ်မှု ထမ်းဟောင်းရွာ(သစ္စာအေးမြိုင်)ရွာ ကတ္တရာလမ်း (၆၀၀၀)ပေ ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ကျပ်(၁၉၀ ဒဿမ ၈၄၂)သန်းဖြင့် ငွေတောင်တန်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ယနေ့နံနက်ပိုင်း က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များသည် ငွေတောင်တန်းကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းတစ်ခုလုံး၏ (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို (၂၅.၁၁.၂၀၂၀)ရက်နေ့မှ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ဆောင်ရွက်ပေးခြင်းအားဖြင့် မြိုင်ကြီးငူ အထူး ဒေသအတွင်းရှိ အိမ်ခြေ(၂၆၁၀)အိမ်၊ လူဦးရေ(၁၆၂၄၁)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့်စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုသည့်အပြင် လမ်းပန်း ဆက်သွယ်ရေးလည်း များစွာပိုမိုကောင်းမွန်လာ မည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)