မြဝတီ မေ ၁၄
ကရင်ပြည်နယ်၊မြဝတီ ခရိုင်၊မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု၊ သင်္ဃန်းညီနောင်ကျေးရွာအတွင်း းရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီက သင်္ဃန်းညီနောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ကျေးရွာမြေငှားဂရန်လျှောက်ထားမည့် ပြည်သူများ၏ ပိုင်ဆိုင်မှု အထောက်အထားများစစ်ဆေးခြင်းလုပ်ငန်းများနှင့် လျှောက်လွှာဖြည့်သွင်းခြင်း လုပ်ငန်းများအား ကွင်းဆင်း ကြည်ရှုစစ်ဆေးခြင်းနှင့်အတူ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်က ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ချထားပေးနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊ ကျေးရွာမြေငှားဂရန်လျှောက်ထားရာတွင် လိုအပ်သောအချက်များနှင့် စိစစ်ရမည့်အချက်များကိုလည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးသောင်းထွဋ်က ကျေးရွာမြေငှားဂရန် လျှောက်ထားရာ၌ မြေစာရင်းပုံစံများ၊ မြေတိုင်းလုပ်ငန်းစဥ်များနှင့်အညီ ဆောင်ရွက်ရမည့်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများကို ကျေးရွာနေပြည်သူများက ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းကိုလည်းကောင်း ကဏ္ဍအလိုက်ချပြဆွေးနွေးသည်။
ဆက်လက်ပြီး ရက် (၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးနှင့်စပ်လျဥ်း၍ကျေးရွာနေပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုအပေါ် တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)