သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

သဲကုန်း မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့က  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက လူကုန်ကူးမှုနှင့်လူမှောင်ခို အဓိပ္ပါယ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့်နည်းလမ်းများ၊ သတိပြုရမည့်သူများ၊ လူကုန်ကူးခံရပါက ခံစားရမည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှုကျူးလွန်ပါကချမှတ်ခံရမည့် ပြစ်မှု/ပြစ်ဒဏ်များ၊ ဥပဒေများ စသည့်အကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူများအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှု​လေ့လာခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)