ပေါင်းတည်၌ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး

ပေါင်းတည် မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများပေးအပ်ပွဲကို မေလ (၁၂) ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲခန်းမတွင် ထုတ်ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးသက်နိုင်က အစိုးရအဖွဲ့သစ်၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးလုပ်ငန်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေသင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထားထားနုတို့က တက်ရောက်လာကြသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များနှင့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများအား အကျိုးရှိစွာအသုံးပြုရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် အတိုးနှုန်းသက်သာသော နိုင်ငံတော်မှထုတ်ချေးပေးသည့် ယခုစိုက်ပျိုးစရိတ်များဖြင့် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့်စပ်လျဉ်း၍ ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း ရှင်းလင်းမှာကြားခဲ့ကြသည်။

အဆိုပါ စိုက်ပျိုးစရိတ်ပေးအပ်ပွဲ၌ ကျေးရွာအုပ်စု (၂) စုမှ တောင်သူ (၁၈၄) ဦး၏ မိုးစပါးစိုက်ပျိုးဧက (၁၁၂၁) ဧကအတွက် ချေးငွေကျပ် (၃၃၆၆) သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း၊ ယခု ရက် (၁၀၀) စီမံချက်ကာလအတွင်း စိုက်ပျိုးဧကနှစ်သောင်းအတွက် ကျပ်သိန်းပေါင်းခြောက်သောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ သိရသည်။

ရွှေသား