သဲကုန်း မေ ၁၃
ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗလငါးတန်တွင် တစ်ခုအပါအဝင်ဖြစ်သော ဉာဏဗလ ဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်ယမန်နေ့က စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသားကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး စာပေနှင့်ရင်းနှီးမှုများ ရှိလာစေရေး၊ တိုင်းရင်းသား စာပေစာအုပ်စာစောင်များဖြင့် အသိဉာဏ်ပညာများ ပိုမိုဖွံ့ဖြိုးလာနိုင်ရေး၊ ပြည်သူ့စာကြည့်တိုက်သည် ကျောင်းသားကျောင်းသူများအတွက် စိတ်အပန်းဖြေရာနေရာနှင့် အသိပညာ ဗဟုသုတများပေးနေသည့် နေရာတစ်ခု ဖြစ်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲအား ကျင်းပရခြင်း ဖြစ်ကြောင်းနှင့် လူငယ်များအနေဖြင့် ဗလငါးတန်ကြွယ်ဝစေရန်၊လူငယ်နှင့်ခေါင်းဆောင်မှုအခန်းကဏ္ဍ၊ ရည်ရွယ်ချက်/ရည်မှန်းချက်များထားရှိရန်၊၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးဆိုးကျိုး အန္တရာယ်၊ မသန်စွမ်းသူများ အခွင့်အရေးများစသည့်အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများမှမိမိတို့ကြိုက်နှစ်သက်ရာ အသိပညာပေး ပုံပြင်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/ ကျောင်းသူများနှင့် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။ကိုကျော် (ပြန်/ဆက်)