ငဖဲ မေ ၁၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မူလတန်းပြဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်လိုအပ်သောအထောက်အကူများနှင့် နည်းလမ်းကောင်းများအသုံးပြုပြီး အလေ့အကျင့်ကောင်းများဖြင့် စနစ်တကျပြုစုပျိုးထောင်ရန်နှင့် လူတော်လူကောင်းများဖြစ်အောင် ဝိုင်းဝန်းစောင့်ရှောက်ပျိုးထောင်ပေးရန်အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းက မွေးစအရွယ်မှ အသက်(၈)နှစ် အရွယ်ကလေးသူငယ်များသည်မွေးစမှစ၍ ဖွံ့ဖြိုးတိုးတက်နေဆဲလူသားများဖြစ်ပြီး ကလေးတစ်ယောက်သည် အစာအာဟာရဖွံ့ဖြိုးရုံ၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းနေရုံဖြင့်မလုံလောက်ဘဲ အခြားသောဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်များတွင်လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိရန် အထူးလိုအပ်ကြောင်း၊ ဘာသာစကားဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးပိုင်းဆိုင်ရာဖွံ့ဖြိုးမှုစသည့် ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်များမှာလည်း ကောင်းမွန်ပြည့်စုံစွာဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။
အဆိုပါ သင်တန်းတွင် နည်းပြ ဆရာမ ၄ ဦးက KG မှ Grade-1 ထိ သင်တန်းသား ဆရာ၊ဆရာမ ၈၈ ဦးတို့အား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို မေလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့ထိ ၁၀ ရက်ကြာ ဖွင့်လှစ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)