ပွင့်ဖြူမြို့နယ်၌ နွေနှမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး တောင်သူများ ကြိုးပမ်းဆောင်ရွက်

ပွင့်ဖြူ မေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၅၇၆၂၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး လက်ရှိတွင် ဒေသခံတောင်သူများက နွေနှမ်းအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး ကြိုပမ်းလုပ်ဆောင်နေကြကြောင်း ‌ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ‌ဆီစားသုံးမှုဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မဲဇလီရေလွှဲဆည်ရေဖြင့် နှမ်း ၃၃၇၃၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ၅၇၆၂၅ ဧကထိ စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် နွေနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။

"ဒီနှစ် နွေသီးနှံရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီစားသုံးမှုဖူလုံစေဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအား ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နှမ်း ၃၃၇၃၇ ဧက လျာထားစိုက်ပျိုးခဲ့ရာ  ၅၇၆၂၅ ဧကထိ  စိုက်ပျိုးနိုင်ခဲ့လို့ လျာထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ နှမ်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ရေး၊ အရည်အသွေးပြည့်ဝတဲ့သီးနှံများထွက်ရှိရေး ဒေသခံတောင်သူတွေကို မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့၊ စိုက်ဧကတွေ တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးကြဖို့၊ GAP နည်းစနစ်များနဲ့အညီ စိုက်ပျိုးကြဖို့၊ စိုက်ပျိုးရေး သွင်းအားစုတွေ အချိန်ကိုက်စနစ်တကျသုံးစွဲကြဖို့၊ ပိုးမွှားမကျရောက်အောင်ကြိုတင်ကာကွယ်နှိမ်နင်းကြဖို့စတဲ့ တောင်သူပညာပေးလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။  

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်းစိုက်ပျိုးဝောာင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းများကောင်းမွန်စေရေးနှင့် အရည်အသွေးပြည့်ဝသော သီးနှံများထွက်ရှိရေးအတွက် စိုက်နည်းစနစ်မှန်ကန်အောင်၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင်၊ သဘာဝမြေဩဇာနှင့် သဘာဝဆေးများ စနစ်တကျထုတ်လုပ်သုံးစွဲတတ်အောင် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ တောင်သူပညာပေး ဆွေးနွေးပွဲများဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးကွင်းသရုပ်ပြပွဲများပြုလုပ်ပေးခြင်းစသည့် တောင်သူပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာစပ်ဆက်ဌာနများနှင့်ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

နှမ်းကို အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်ဖြစ်ကာ ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သောကြောင့် နှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွး ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက် ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )