ချောက်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့်​ မိုးရာသီစိုက် ပျိုးစရိတ်​ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ချောက် မေ ၁၄

မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ချောက်မြို့နယ်ဘဏ်ခွဲမှ တောင်သူများအတွက် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ထုတ်ချေးခြင်း အခမ်းအနားကို မြို့နယ်အ‌‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ ၁၂ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ချေးငွေများထုတ်ချေးပေးကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်မှ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့် ချေးငွေပြန်လည် ပေးဆပ်ရေးတို့ကို ပြောကြားခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ယဉ်မာနွဲ့ကချေး ငွေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြား၍ တောင်သူလယ်သမားများ ကိုယ်စားချေးငွေ စိစစ်ရေးဥက္ကဋ္ဌ ဦးရဲတင့်မှ ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက မိုးရာသီစိုက်ပျိုး​စရိတ်​ချေး​ငွေများကို ရသစ်ကျေးရွာအုပ်စုရှိ ကျေးရွာခွဲ(၄)ရွာမှ တောင်သူဦးရေ(၁၇၁)ဦး မြေပဲဧကပေါင်း(၉၁၅)ဧကအတွက်‌ ထုတ်ချေးငွေကျပ် (၂၂၈၇)သိန်း(၅)သောင်းအား ထုတ်ချေးပေးခဲ့ပြီးနောက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူတစ်ဦးလျှင် စိုက်ပျိုး‌မြေဧက (၁၀) ဧကအထိ ထုတ်ချေး‌ပေးရာ သီးနှံပေါ်ချိန်တွင် ပြန်လည်ပေးဆပ်စေပြီး မြေပဲတစ်ဧကလျှင် ငွေကျပ် (၂၅၀,၀၀၀) ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)