ပခုက္ကူမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များပေးအပ်

ပခုက္ကူ မေ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။

ထိုသို့ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခေတ္တခရိုင် ဦးစီးမှူး ဦးချစ်ကိုကိုက အစိုးရသစ်လက်ထက်ရက်(၁၀၀)စီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ  အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်စီးမှုများကို အသစ်လှဲလယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးနေမှုများအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး ဦးရဲအောင်တို့က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ မေလ ၁၂ ရက်နေ့အထိ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UIDကတ် (၉၆၇) ကတ်အား ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)