မယ်စဲ့မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မယ်စဲ့ ဇန်နဝါရီ ၁၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း (ပြည်ထောင်စု/ ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု ရန်ပုံငွေဖြင့် ပန်တိန်းကျေးရွာ တွင် လယ်ယာကုန်ထုတ်လမ်း အရှည် (၂/၄)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း၊ လယ်တောကျေးရွာတွင် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဟိုဂျစ်-ဟိုဖ-လယ်တောလမ်း အရှည်(၉/၀)မိုင် အနက် (၄/၀)မိုင် ဗြုန်းကျောက် ခင်းပြီး ကျန်(၅/၀)မိုင်တွင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း၊ ဟိုဂျစ်-တောင်လှ လမ်း(၁၀/၄)မိုင် ရှိသည့် အနက် (၃/၀)မိုင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့် လမ်းဆုံ-လယ်တော လမ်း (၁/၆)မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းနှင့် ပေ(၃၀) ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အတွင်း အန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ် ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်တို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ပြီးစီးသွားပါက ကျေးလက်နေပြည်သူများ၏ ကူးသန်းရောင်းဝယ်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးမှာ ယခင်က ထက် ပိုမိုအဆင်ပြေလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝမှာလည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)