ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာအုပ်စု၌ ရက်(၁၀၀)စီမံချက်ဖြင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

ရေနံချောင်း မေ ၁၄

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဝက်လွတ်ကျေးရွာအုပ်စု ဝက်လွတ်ကျေးရွာ ရွာလယ်ဓမ္မရုံ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းစိုးက တောင်သူများ သီးနှံဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေး၊ မျိုးကောင်းမျိုးသန့် ရရှိစေရေးအတွက် သီးနှံများစိုက်ပျိုးရာတွင် စနစ်တကျစိုက်ပျိုးနည်းများ၊  မြေဆွေးပြုလုပ်နည်း၊ မြေပြုပြင်နည်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာသုံးစွဲနည်းများ စသည့် သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်းများကို အသိပညာပေးဆွေးနွေးဟောပြောရာ တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဝက်လွတ်ကျေးရွာအုပ်စုအတွင်းရှိ တောင်ရှားတောကျေးရွာ၊ မြောက်ရှားတောကျေးရွာနှင့် ဝက်လွတ်ကျေးရွာတို့မှ ဒေသခံတောင်သူ (၅၄) ဦးတက်ရောက်ခဲ့ပြီး မြေပဲ၊ နှမ်း၊ နေကြာ၊ မှို သီးနှံများ အထွက်တိုးစိုက်ပျိုးနည်းများနှင့် မြေဆွေးပုံကိုယ်တိုင် ပြုလုပ်ဆောင်ရွက်နည်းများ ပါဝင်သော လက်ကမ်းစာစောင်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းမျာက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုးစိုးကြီး