စစ်ကိုင်းတိုင်းဒေသကြီးရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်း 

မုံရွာ မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မေ ၁၂ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး  တက်ရောက်သည်။ 

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြုပ်နှံမှုပြုရာမှာလည်း ကလေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ရင်နှီးမြှုပ်နှံခြင်းသည် နိုင်ငံအတွက် အကျိုးအမြတ်အများဆုံး ရင်နှီးမြှုပ်နှံမှုတစ်ခုဖြစ်တာနှင့်အညီ နိုင်ငံတော်သမ္မတကြီးက ထိရောက်သည့် မူကြိုကျောင်းတွေဖြစ်စေရေးနှင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း မူလတန်းကြိုကျောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် မူကြိုပညာရပ်များကိုလည်း သင်ရိုးညွှန်တမ်းများနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားကြဖို့ ထပ်ဆင့်ညွှန်ကြားခဲ့ကြောင်း၊ တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့အနေဖြင့် မူလတန်းကြိုကျောင်းများ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကို ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေနှင့်အညီဖွင့်လှစ်နိုင်ရေး (၂၀၁၈)ခုနှစ်မှစပြီးသက်တမ်းကာလ(၃)နှစ်သတ်မှတ်၍ တည်ထောင်ခွင့်ပြုမိန့်များထုတ်ပေးထားပြီးဖြစ်ကြောင်း၊ သက်တမ်းတိုးတည်ထောင်ခွင့်ပြုမိန့် လျှောက်ထားခြင်း မရှိသည့် ကျောင်းများအနေဖြင့် တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားရန်နှင့် သက်တမ်းကျော်လွန်နေသည့်ကျောင်းများ သက်တမ်းတိုးမြှင့်ခြင်းပြန်လည်လျှောက်ထားနိုင်ရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့်  မှတ်ပုံတင်ကြေးနှုန်းထားများကိုလည်း တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့အနေသက်မှတ်ထားရှိပြီးဖြစ်သည့်အတွက် ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေမှူး ဒေါ်လှိုင်မိုးမြတ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆွေးနွေးတင်ပြချက်များအား တိုင်းဒေသကြီးဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 
ခရိုင်(ပြန်/ဆက်)