ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ် ခန့်အပ်နိုင်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

ရှမ်းရွာသစ်    ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်း လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်နှင့်‌ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အသစ် များကို ဧပြီလ(၁)ရက်နေ့မှ စ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ် တာဝန်ပေး နိုင်ရန် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် တာဝန်ရှိသူ များက ယမန်နေ့နံနက်ပိုင်းက ကွီးလေးကျေးရွာအုပ်စုရှိ ပြည်သူများအား အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများတို့က ဇန်နဝါရီလ(၁၇)ရက်နေ့မှ (၂၆)ရက်နေ့အထိ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျန်ရှိသည့် ကျေးရွာအုပ်စု များသို့ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွား မည်ဖြစ် ကြောင်းသိရှိရသည်။

ဇင်လေး(ပြန်/ဆက်)