ဘားအံမြို့၌ ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ (၆)ခန်းတွဲ(၃)ထပ်ဝန်ထမ်းအိမ်ရာသစ်ဖွင့်

ဘားအံ မေ ၁၂

ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၉၆၉ ဒသမ ၈၀၀ သန်းဖြင့် အကုန်အကျခံတည်ဆောက်ခဲ့သော ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ (၆)ခန်းတွဲ RC (၃)ထပ်ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲကို မေ ၁၂ ရက် နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၅)ရပ်ကွက်၊ ငုဝါလမ်းရှိ အဆိုပါဝန်ထမ်းအိမ်ရာအဆောက်အဦရှေ့၌ ကျင်းပသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းငယ်များသည် ပြည်နယ်၏လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပူမရှောင်၊ မိုးရွာမရှောင်ကွင်းဆင်းဆောင်ရွက်ပေးနေကြသည့် ဝန်ထမ်းများဖြစ်ပြီး ယခင်က စိုက်ပျိုးရေးဂိုဒေါင်တွင်အခန်းကန့်၍နေထိုင်ခဲ့ကြရာမှ ၎င်းတို့၏နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ယခုကဲ့သို့တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါဝန်ထမ်းအိမ်ရာသစ်ကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ယူတည်ဆောက်ပေးသည့် မော်ဖမော်ကွန်းကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ကြပြီး ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နေထိုင်မည့်အိမ်ခန်းများကို မိမိတို့၏ကိုယ်ပိုင်အိမ်ခန်းများကဲ့သို့သဘောထား ထိန်းသိမ်းစောင့်ရှောက်နေထိုင်သွားကြစေလိုပြီး ပြည်နယ်အစိုးရမှ ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန်ဆောင်ရွက်ပေးသကဲ့သို့ ဝန်ထမ်းများကလည်း မိမိတို့ပြည်နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အဆောက်အဦနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို တာဝန်ယူတည်ဆောက်သည့် မော်ဖမော်ကွန်းကုမ္ပဏီမှ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းမြင့်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့လူငယ်စင်တာတွင် မေ ၅ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး သင်တန်းတွင် ကြီးကြပ်၊ အုပ်ချုပ်၊ နည်းပြ ၁၁ ဦးနှင့် သင်တန်းသား၊ သင်တန်းသူ ၆၅ ဦးတို့၏ သင်ကြား၊ သင်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)