ကော့သောင်း၊ ဇန်နဝါရီ ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဖေါက်လုပ်ပြီးစီးသည့် ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်း ပတ်လမ်း၁၄မိုင်အတွင်း ယခုနှစ်အတွင်း ကျောက်ချောလမ်း၂ မိုင် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကော့သောင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့် နှင့်တာဝန်ရှိသူများ အဖွဲ့မှ ဇန်နဝါရီလ ၁၇ရက်နေ့ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဇာဒက်ကြီးကျွန်းသည် ကော့သောင်းမြို့အနောက်တောင်ဘက်ရေမိုင်၂၄မိုင်အကွာ ပင်လယ်ပြင်အတွင်း ရှိပြီး ကျွန်းပေါ်တွင် ဒေသခံဆလုံး လူမျိုးများနေထိုင်သည့် အိမ်ခြေ ၂၀၀ ခန့်ရှိ ဇာဒက်ကြီးကျေးရွာ တည်ရှိကာ ကျွန်းပတ်လမ်း အရှည်မိုင်၆၀ကျော်ရှိ၍ လမ်းအရှည ၁၄ မိုင်အထိ မြေသားလမ်း ဖောက်လုပ်ပြီးစီး နေပြီဖြစ်ပြီး အဆိုပါဖေါက်လုပ်ပြီးစီးနေသည့် လမ်းပိုင်းပေါ်တွင် ၂ မိုင်ခန့်အား ကျောက်ချောခင်းခြင်း လုပ်ငန်း များအား နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါလမ်းခင်းမှုလုပ်ငန်းများအား ဌာန၏စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံ ငွေကျပ်သန်း ၂၆၅.၂၈၃ဖြင့် ထားဝယ်အလင်းရောင်သစ်(ကိုညီ)ကုမ္ပဏီ မှ ကျောက်ချောလမ်း ၂မိုင်ခင်းခြင်း လုပ်ငန်းအား လည်းကောင်း၊ မြန်မာရွှေကျွန်းယန္တရားကုမ္ပဏီမှ ရန်ပုံငွေ ကျပ်သန်း ၃၆၈.၀၄ဖြင့် ကျွန်းပတ်လမ်းပေါ်ရှိ အတက်အဆင်းမတ်စောက်သည့် နေရာများတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား လည်းကောင်း၊ ရိုးမသာရီအင်ဖရာဂိုးကုမ္ပဏီမှ ရန်ပုံငွေကျပ်သန်း ၂၃၇.၄၉၂ ဖြင့် ကျွန်းပတ်လမ်းပေါ်ရှိ ပေ၁၀၀သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်မှု လုပ်ငန်းများကို လည်းကောင်း အဆိုပါတင်ဒါရ ကုမ္ပဏီသုံးခု မှ အသီးသီး ဆောင်ရွက် လျက်ရှိရာ လမ်းပိုင်း ဆောင်ရွက်မှုများအား ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလက စတင်ဆောင်ရွက်ခဲ့ပြီး ကျောက်ချော လမ်းခင်းမှု လုပ်ငန်းအား ၂၀၂၁ခုနှစ် ဇွန်လတွင်ပြီးစီးရန်လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ကော့သောင်း ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့် ၏ပြောကြားချက်အရသိရသည်။
ကျော်စိုး (ကော့သောင်း)