မြဝတီမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်  UID (Unique Indentity )ကတ်ပြားများ ပေးအပ်

မြဝတီ   မေ ၁၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး မှ ကြီးမှူး၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်ကာလအတွင်းဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (unique Identity) ကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မြင့်မှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက် ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးမှုအခြေအနေအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနောင်၊ ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မြင့်နှင့် အမှတ်(၅)ရပ်ကွက်အုပ်ချုပ်​ရေးမှူး ဦးစိုင်း​မျိုးညွန့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ်(၅)ရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူ (၁၂၀)တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်  UIDကတ်ပြားတို့အား ပြည်သူတို့၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကာ အခမ်းအနားကိုရုပ်သိမ်းသည်။ ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ရပ်ကွက်နေပြည်သူများကို ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားတို့အား ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများကလိုက်လံကြည့်ရှု စစ်​ဆေးခဲ့ကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)