ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်အနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေး

ကြို့ပင်ကောက် မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်အနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုးနှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးများရရှိစေရန် ယခင်ကတစ်ဧကလျှင် ကျပ်တစ်သိန်းငါးသောင်းနှုန်းထုတ်ချေးခဲ့ရာမှ ယခုအခါ နိုင်ငံတော်၏မူဝါဒနှင့်အညီ တစ်ဧကလျှင် ကျပ်သုံးသိန်းထုတ်ချေးပေးမည်ဖြစ်ကြောင်း ပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲ မန်နေဂျာဒေါ်စိမ်းစိမ်းဝါက ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများနှင့်ပတ်သက်၍ ချေးငွေဆိုင်ရာစည်းကမ်းချက်များအား တောင်သူများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅ မိုးချေးငွေတစ်ရပ်လုံးပြေကျေသည့် အုန်းနှဲကျောတန်းကျေးရွာအုပ်စုမှ တောင်သူ(၃၂)ဦး၏ လယ်ဧက ၂၂၅ ဧကအတွက် တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်(၆၇၅)သိန်းအား တောင်သူများလက်ဝယ်အရောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စနစ်တကျထုတ်ချေးပေးခဲ့သည်။

ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါးစိုက်ဧက (၃၅၀၀၀)အတွက် ငွေကျပ်သိန်း ၁၀၅၀၀၀ ကို အတိုးနှုန်းသက်သာစွာဖြင့် တောင်သူများကို ဆက်လက်ထုတ်ချေးပေးရန် လျာထားဆောင်ရွက်ထားရှိကြောင်း   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)