အုတ်ဖို ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ Quarantine Center အဖြစ် အသုံးပြုခဲ့သည့် မိုးညိုတန်းရပ်ကွက် အ.လ.က ချမ်းမြသာ မြေကျောင်းအား ကျောင်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနသို့ ပြန်လည်အပ်နှံနိုင်ရေး သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အ.လ.က ချမ်းမြသာမြေကျောင်းတွင် Quarantine Center အဖြစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ကျောင်း ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Quarantine ထားရှိသူများအား ယမန်နေ့ ညနေပိုင်းက သီတဂူ စက္ခုဒါနဆေးရုံသို့ လူမှုရေးအသင်းအဖွဲ့များမှ မော်တော်ယာဉ်များဖြင့် ပြောင်းရွှေ့ထားရှိခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)