ကော့ကရိတ် ဇန်နဝါရီ ၁၈
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာ ရွာချင်းဆက် ကွန်ကရစ် လမ်းဖွင့်ပွဲကို ကျေးရွာကော်မတီဝင်များ ဦးဆောင်၍ ယမန်နေ့နံနက် ၈ နာရီချိန်တွင် အဆိုပါကျေးရွာ၌ အောင်မြင်စွာ ဖွင့်လှစ်ကျင်းပခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ ကွန်ကရစ်လမ်းအား ပရိတ်ရွတ်တရားနာယူပြီး လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့မှ ဘဏ္ဍာရေးတာဝန်ခံ နော်နီနီထွန်း၊ ကျေးရွာ ဥက္ကဋ္ဌ ဦးစိုးဝင်းသန်း တို့မှ အမွှေးနံ့သာများ ပက်ဖျန်း၍ ဖဲကြိုးဖြတ် ဖွင့် လှစ်ပေးခဲ့ကြသည်။
အဆိုပါကျေး ရွာချင်းဆက်ကွန်ကရစ်လမ်းမှာ ကော့ကရိတ်မြို့နယ်ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်းတတိယနှစ် စက်ဝန်း စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၄၀) နှင့် လူထုထည့်ဝင်ငွေကျပ် (၄၇၀,၀၀၀)တို့ဖြင့် ဆောင်ရွက်ခဲ့သော လမ်းဖြစ်ပြီး အတိုင်းအတာအားဖြင့် အရှည် ၁၄၇၀ ပေ ၊ အကျယ် ၁၄ ပေ နှင့် အထူ ၇ လက်မ ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လမ်းဖြစ်မြောက်ရေး နည်းပညာအကူအညီများအား လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဒေါ်နန်းနွယ်ဇင်ဦး၊ လူထုစည်းရုံးရေးမှူး နော်ချယ်ရီဦး တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် ဘုရားကုန်းကျေးရွာမှ အိမ်ထောင်စု(၉၂)စု လူဦးရေ (၅၄၈)ဦး တို့အတွက် နှစ်စဉ်ကြုံတွေ့နေရသော မိုးရာသီ လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေး ပိုမိုလွယ်ကူ အဆင်ပြေလာပြီဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)