အုတ်ဖိုမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေး

အုတ်ဖို မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်ကာလအတွင်း ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးတို့က အဖွင့်အမှာစကားပြောကြားပြီး အုတ်ဖိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်အိသူဇာက မိုးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးအတွက် တစ်ဧက ငွေကျပ် သုံးသိန်းနှုန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ပေးဆပ်ရမည့်အတိုးနှုန်းထားကို တစ်နှစ် (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေထုတ်ချေးရာ၌ ယခင်နှစ်က ချေးငွေများအချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများကို ဦးစားပေးထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၅ မိုး အချိန်မီပြန်လည်ပေးဆပ်ခဲ့သည့် ကျေးရွာအုပ်စုများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ထို့နောက် မြို့နယ်ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက အုတ်ဖိုမြို့နယ် ၂၀၂၅ မိုး အချိန်မီပြန်လည်ပေးဆပ်ခဲ့သည့် ရှားတောကွင်းကျေးရွာအုပ်စုနှင့် တင်းကုတ်ကြီးကျေးရွာအုပ်စုရှိ မိုးသီးနှံစိုက်ပျိုးမည့် ဒေသခံတောင်သူများကို မိုးစပါး (၁၀၈၇) ဧကအတွက် စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် (၃၂၆၁၀၀၀၀၀) သိန်းအား တောင်သူများလက်ဝယ်အရောက် စနစ်တကျထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယခင်နှစ်က ချေးငွေပြေကြေစွာပေးဆပ်ပြီးသည့် ကျေးရွာများမှ တောင်သူများကိုလည်း ရုံးဖွင့်ရက်များတွင် ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အုတ်ဖိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။

အောင်သူ (အုတ်ဖို)