ဂန့်ဂေါ မေ ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဂန့်ဂေါခရိုင် ဘဏ်ခွဲရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စိုက်ပျိုးစရိတ် ချေးယူမည့်တောင်သူများ တက်ရောက်သည်။
ဦးစွာအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မန်နေဂျာ ဦးညီညီလွင်က နိုင်ငံတော်အစိုးရမှရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမှု အခြေအနေများနှင့် တောင်သူများမှ စိုက်ပျိုးစရိတ်ချေးငွေချေးယူရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မန်နေဂျာ ဦးညီညီလွင်တို့က ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ပေးအပ်ရာ သက်ဆိုင်ရာတောင်သူများက လက်ခံရယူသည်။
အဆိုပါ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧကလျှင် ကျပ်(၃)သိန်း၊ နှမ်းတစ်ဧကလျှင် ကျပ်(၂)သိန်းခွဲနှုန်းဖြင့် မြောက်ကုန်းရပ်ကွက်ရှိ တောင်သူ(၆)ဦး၏ စပါး(၈)ဧကနှင့် နှမ်း(၁၉)ဧက အတွက် ချေးငွေကျပ် (၇၁၅၀၀၀၀ိ/-) ကျပ်၊ စည်ပင်သာယာရပ်ကွက်ရှိ တောင်သူ(၁၁)ဦး၏ စပါး(၁၄)ဧကနှင့် နှမ်း(၂၁) ဧကအတွက် ချေးငွေကျပ်(၉၄၅၀၀၀၀ိ/-)ကျပ်၊ မြို့မရပ်ကွက်ရှိ တောင်သူ(၈)ဦး၏ စပါး(၁၀)ဧကနှင့် နှမ်း(၂၈) ဧကအတွက် ချေးငွေကျပ်(၁၀၀၀၀၀၀၀ိ/-)ကျပ်၊ ကျောက်တိုက်ရပ်ကွက်ရှိ တောင်သူ(၆)ဦး၏ စပါး(၁၃)ဧကနှင့် နှမ်း(၁၃)ဧကအတွက် ချေးငွေကျပ် (၇၁၅၀၀၀၀ိ/-)ကျပ်ဖြင့် တောင်သူ(၃၁)ဦးအတွက် စုစုပေါင်း စိုက်ပျိုး စရိတ်ချေးငွေကျပ် (၃၃၇၅၀၀၀၀ိ/-)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)