အုတ်တွင်း မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက လက်စွပ်ကျကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အုတ်တွင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာဒေါ်ထက်ယမုံဦးက ကျွဲ၊ နွားများတွင် ကျရောက်တတ်သောရောဂါများ၊ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါလက္ခဏာများအား ကြိုတင်ကာကွယ်ကြရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်စွပ်ကျကျေးရွာအတွင်းရှိ ကျွဲ၊ နွားကောင်ရေ (၁၅၀) ကောင်အား လည်ချောင်းကွဲရောဂါကာကွယ်ဆေးများကို အခမဲ့လိုက်လံထိုးနှံပေးခဲ့သည်။
အဆိုပါ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရက် (၁၀၀) စီမံချက်ဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများအား အကောင်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)