ဘားအံ မေ ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက် များဖောင်ဒေးရှင်း အဖွဲ့တို့ပူးပေါင်း၍ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူ လူငယ်လေးများ အသိပညာဗဟုသုတ ရရှိစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မေလ (၁၀)ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ တော်ပုံအင်ကြင်းဖိုကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများတို့က လူငယ်ရေးရာနှင့်ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများ၊ အားကစားဆိုင်ရာ အသိပညာပေး အကြောင်းအရာများနှင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ ပါဝင်သော နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားခြင်းနှင့် မိုဘိုင်းရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာငှားရမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)