ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်အနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေး

ဇီးကုန်း မေ ၁၂

တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်၏မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုးနှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ရည်ရည်ကျော်က ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများနှင့်ပတ်သက်၍ ယခင်က တစ်ဧကလျှင် ကျပ်တစ်သိန်းငါးသောင်းနှုန်း ထုတ်ချေးခဲ့ရာမှ ယခုအခါ နိုင်ငံတော်၏ မူဝါဒနှင့်အညီ တစ်ဧကလျှင် ကျပ်သုံးသိန်း ထုတ်ချေးပေးမည်ဖြစ်ကြောင်းနှင့် ချေးငွေဆိုင်ရာစည်းကမ်းချက်များအား တောင်သူများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅ မိုးချေးငွေတစ်ရပ်လုံး ပြေကျေသည့် တောင်ပို့သာယာကျေးရွာအုပ်စုမှ တောင်သူ(၈၆)ဦး၊ ၅၃၁ ဧကအတွက် တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်(၁၅၉၃)သိန်းအား တောင်သူများလက်ဝယ်အရောက် စနစ်တကျထုတ်ချေးပေးခဲ့သည်။

ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု ၃၁ အုပ်စု၊ မိုးစပါးစိုက်ဧက (၃၆၀၈၈)အတွက် ကျပ်ငွေ(၁၀၈၂၆.၄၀)သန်းကို အတိုးနှုန်းသက်သာစွာဖြင့် တောင်သူများကို ဆက်လက်ထုတ်ချေးပေးရန် လျာထားဆောင်ရွက်ထားရှိကြောင်း မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

တင့်ဆွေ (ပြန်/ဆက်)