ကျွန်းလှမြို့နယ်၌ ခဝဲသီးနှံ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေ

ကျွန်းလှ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးကြရာ ယခုမှစ်ခဝဲသီးနှံဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော် ဒီနှစ် ခဝဲ အပင် ၅၀၀ စိုက်ပျိုးထားရာ ငွေကျပ် ၁၅၀၀၀၀ ခန့်ကုန်ကျပါတယ်။ အခုဆိုရင်ခဝဲသီးတွေ ဆွတ်ခူးရောင်းချနေရပြီဖြစ်ပါတယ်။ အရင်နှစ်က ခဝဲသီး အကြီးအသေးပေါမူတည်ပြီး တစ်တောင့်ကို ငွေကျပ် ၅၀၀၊ ၇၀၀ ရောင်းရသော်လည်း အခုလက်ရှိ အတောင့်သေးရင် ငွေကျပ် ၇၀၀၊ ကြီးရင် ငွေကျပ် ၁၀၀၀၊ ၁၅၀၀ ရောင်းရပါတယ်။ ခဝဲစိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာပြီး တွက်ခြေကိုက်သီးနှံဖြစ်တဲ့အတွက် စိုက်ပျိုးသင့်ပါတယ်” ဟု ရှမ်းစုကျေးရွာ ခဝဲစိုက်ပျိုးသူ ဦးမျိုးမင်းကပြောသည်။

 ကျွန်းလှမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံစုံ၊ ဟင်းသီးဟင်းရွက်သီးများကို ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်စိုက်ပျိုးကြရာ မိသားစုဝင်ငွေရရှိကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ