ပွင့်ဖြူမြို့နယ်၌ သုံးကြိမ်ရ လူရည်ချွန်ကျောင်းသားအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပပြုလုပ်

ပွင့်ဖြူ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် သုံးကြိမ်ရ လူရည်ချွန်ကျောင်းသားအားဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့က အဆိုပါ ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ မြို့နယ်ပညာရေးမှူးနှင့် ပညာရေဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများက အောင်သပြေပန်းများ၊ ပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဖြူက လူရည်ချွန်ဆုသုံးကြိမ်ရရှိသည့် မောင်ဇွဲဝေယံလင်းအား ချီးကျူးဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာ- မြန်မာ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ သုံးကြိမ်ရ လူရည်ချွန်ကျောင်းသား မောင်ဇွဲဝေယံလင်းက လူရည်ချွန် မောင်မယ်များ သွားရောက်ခဲ့သည့် လူရည်ချွန်အတွေ့အကြုံများ၊ လေ့လာခဲ့ရသော ဒေသန္တရဗဟုသုတများနှင့် ဂုဏ်ပြုကြိုဆိုပေးမှုအပေါ် ဝမ်းသာပီတိစကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းကျောင်းသား၊ ကျောင်းသူများက Fitness Dance ဖြင့် ကပြဖျော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )