မင်းဘူး မေ ၁၂
မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဒေသတွင်းစားသုံဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ အထူးဇုန်(၂)ဧရိယာရှိ မြို့နယ်(၉)ခုတွင် ဆီထွက်သီးနှံအဖြစ် နှမ်း၊ နေကြာနှင့် မြေပဲတို့ကို ဧကပေါင်း ၃၅၀၀၀၀ ကျော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇုန်(၂)တာဝန်ခံထံမှ သိရသည်။
ဒေသတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရက်(၁၀၀)စီမံချက်ဖြင့် မျိုးသန့်ပွားစိုက်ပျိုးဆောင်ရွက်မည့် တောင်သူများအတွက် သီးနှံမျိုးစေ့များကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ဆီထွက်သီးနှံအထူးဇုန်(၂)ဧရိယာအတွင်းရှိ မြို့နယ်(မြို့နယ်၉)ခု၌ ဆီထွက်သီးနှံ မျိုးသန့်ပွားဆောင်ရွက်နိုင်ရေးနှင့် Seed Grower Association၊ မျိုးစေ့ထုတ် အစုအဖွဲ့လိုက်စိုက်ပျိုးမည့် တောင်သူများအတွက် နှမ်းသီးနှံ မကွေးနှမ်းနက် ၂/၁၄ မျိုးစေ့ တစ်ဧက (၂)ပြီနှုန်းဖြင့် ၁၂၀ ဧက၊ နေကြာသီးနှံ ဆင်းရွှေကြာ-၂ မျိုးစေ့ တစ်ဧက (၄)ပြီနှုန်းဖြင့် ၁၂၀ ဧက၊ မြေပဲသီးနှံ တွန်တာနီမျိုးစေ့ တစ်ဧက (၆)တင်းနှုန်းဖြင့် ၅ ဧက၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး အတွက် ပိုက်ဆံလျှော်မျိုးစေ့ တစ်ဧက (၅)ပြီနှုန်းဖြင့် ၆၅ ဧကစာအတွက် မျိုးသန့် မျိုးစေ့များကို ရက်(၁၀၀)စီမံချက်ဖြင့်ပေးအပ်ခဲ့ကြောင်း ဆီထွက်သီးနှံအထူးဇုန်(၂)တာဝန်ခံ ဦးသိန်းနိုင်ဝင်းက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆီထွက်သီးနှံအထူးဇုန်(၂)ဧရိယာတွင်ပါဝင်သည့် မင်းဘူးခရိုင်အတွင်းမှ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်၊ သရက်ခရိုင်အတွင်းမှ သရက်၊ မင်းတုန်း၊ မင်းလှနှင့်ကံမမြို့နယ် စုစုပေါင်း (၉)မြို့နယ်၌ ဆီထွက်သီးနှံများအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံကို စိုက်ဧကစုစုပေါင်း ၃၅၅၆၀၀ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)