မကွေး မေ ၁၂
မြန်မာ့ဘောလီဘောအားကစား တိုးတက်မြင့်မားစေရန်၊ ခရိုင်အသင်းများအချင်းချင်းသွေး စည်းညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားလာစေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းနားကို ယမန်နေ့ညနေ (၄)နာရီက တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ်ဖလားခရိုင်ပေါင်းစုံအသက် (၂၅)နှစ်နှင့်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ်(မကွေး) ခရိုင်အသင်းနှင့်(ပခုက္ကူ)ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကျင်းပရာ ဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံး ပိတ်ဆို့ဆု၊ စာပေးဘောဆု၊ ဆယ်မဆု၊ ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆုနှင့် ပထမ၊ ဒုတိယဆုရရှိသည့် အသင်းများကိုတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တစ်ဦးချင်း ဆွဲပြားများ၊ ဆုကလပ်နှင့် ငွေသားဆုများအားအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ဆုပေးပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှအရာရှိကြီး များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖနှင့်လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသောအားကစားဝါသနာရှင်များ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)