လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်

လောင်းလုံး ဇန်နဝါရီ ၁၈

တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရို၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ် ကျေးရွာ၌ ၊ မြန်မာ-ဒိန်းမတ် ရေရှည်တည်တံ့သောကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း၏ ကျောက်ဆင်ကျေးရွာအုပ်စု ကျေးရွာအခြေပြုရေရှည် တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်းအသင်း အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာကျေးရွာ အခြေပြုရေရှည်တည်တံ့စေသော ကမ်းရိုးတန်းငါးလုပ်ငန်းအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသံချောင်းကအဖွင့် အမှာစကား ပြောကြားပြီး လောင်းလုံးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ဦးသန်းအောင်ကပြောကြားရာ၌ ရေလုပ်သားမိသားစုများ အသက်မွေးဝမ်းကြောင်း အထောက်အကူပြုစေရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချလျက်ရှိသော ဘာသာရပ်အပေါ်စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူပြီး သင်တန်းမှ ရရှိသည့်အတတ် ပညာများကို လက်တွေ့နယ်ပယ်တွင်ကိုယ်တိုင်အသုံးချနိုင်အောင် ကြိုးစားကြရန်နှင့် ဆက်လက်မျှဝေပေးနိုင်အောင် လုပ်ဆောင်သွားကြရန်လို​​ကြောင်းပြောကြားသည်။

သင်တန်းတွင် သင်တန်းဆရာမ ဒေါ်ယွန်းသဥ္ဇာဦးနှင့် တာဝန်ရှိသူများက သင်တန်းသား/သူ(၂၀)ဦးအား မတ်လ(၁၇)ရက် နေ့ အထိ ၃လကြာစာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(ပြန်/ဆက်)