ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များနှင့် စာရေးဝန်ထမ်းများအား အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်သင်တန်းပို့ချ

ဂန့်ဂေါ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များနှင့် စာရေးဝန်ထမ်းများအား အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ ဆယ်အိမ်စု၊ ရာအိမ်စုများဖွဲ့စည်းခြင်း၊ ရာအိမ်မှူးနှင့် ကျေးရွာတာဝန်ခံရွေးချယ်ခြင်းလုပ်ငန်းစဉ်များ၊ လိုက်နာရန် စည်းကမ်းချက်များနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းလုပ်ငန်းစဉ်များကို ပါဝါပွိုင့်ဖြင့်ရှင်းလင်း၍ သင်တန်းပို့ချခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ပြန်လည်ရှင်းလင်းပြောကြားပြီး ကြီးကြပ်ရေးအဖွဲ့များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားကြရန် မှာကြားသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များနှင့်စာရေးဝန်ထမ်းများ သင်တန်းသား(၃၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်ဆက်)