မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ  အခမ်းအနားကျင်းပ

မြဝတီ မေ ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့ ၊အမှတ်(၄)ရပ်ကွက်ရှိ​မြို့တော်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီ၌  မြဝတီ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲ   အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင် ချင်း၊ မြဝတီမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနောင်တို့က မိတ်ဆက်ခြင်းနှင့်လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အမှာစကားကို ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက်မြဝတီ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာ​မြေငှားဂရန်ဆောင်ရွက်မှုများနှင့် စပ်လျဥ်း၍လည်းကောင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်သန်းက ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်းချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထိုသို့ချပြရှင်းလင်းဆွေးနွေးမှုအပေါ် တက်ရောက်လာကြသည့် ပြည်သူများကတင်ပြလိုသည်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးအေးမင်းထွေးက နိဂုံးချုပ်အမှာစကားကို ပြောကြားခဲ့ကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့  မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိုမိ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)