ကလေးဝမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပိုစတာပြိုင်ပွဲကျင်းပ

ကလေးဝ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်အတွက် သတ်မှတ်ထားသည့် မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ၊ လွယ်လွယ်နဲ့ရသုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ ဝိုင်းဝန်းကာကွယ်တားဆီးမှ၊ မူးယစ်ကင်းစင်တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြ လုံခြုံလှ၊ နိုင်ငံအနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့၊ ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကိုတိုက်ဖျက်စို့၊အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်စို့စသည့် ဆောင်ပုဒ်များနှင့်အညီ ပြိုင်ပွဲကိုပြုလုပ်ခဲ့ရာ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့် ၅ ဦး၊ မူလတန်းအဆင့် ၁၀ ဦး စုစုပေါင်း ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပိုစတာပြိုင်ပွဲတွင် အထက်တန်းအဆင့် ၅ ဦး၊ အလယ်တန်းအဆင့် ၁၀ ဦး၊ မူလတန်းအဆင့် ၂ ဦး စုစုပေါင်း ၁၇ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)