လှိုင်းဘွဲ မေ ၁၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်မှ တက်ရောက်၍ သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးပြည့်မီသော ပြည်တွင်း MSME ထုတ်ကုန်များပေါ်ပေါက်လာစေရေးအတွက်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးက အခြေခံစားသောက်ကုန်နှင့် အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းများဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များ၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးသော စာတွေ့၊ လက်တွေ့နည်းပညာများကို အသုံးချပြီးမိမိတို့၏ လက်တွေ့နယ်ပယ်အသီးသီး၌ ပိုမိုကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ကြိုးစားမှုတို့ဖြင့် ပေါင်းစပ်ကာ ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ပြီးမိသားစုဝင်ငွေတိုးတက်ရရှိအောင် ကြိုစားဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာအုပ်စု၊ ကော့ဝန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သည့် အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့သည်။
အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနှင့် အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို မေလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၅)ရက်တာသင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အခြေခံစားသောက်ကုန်ထုတ်လုပ်မှုသင်တန်းတွင် ဒေသထွက်သီးနှံမျိုးစုံဖြင့်စားသောက် ကုန် မှုန့်မျိုးစုံနှင့် သစ်သီးဖျော်ရည်ပြုလုပ်နည်းများကိုလည်းကောင်း၊ အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းတွင် အိမ်သုံး ဆပ်ပြာအရည်၊ ဆပ်ပြာအခဲပြုလုပ်နည်းအဆင့်ဆင့်တို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲ(ပြန်/ဆက်)