ကယားပြည်နယ်ဝန်ကြီးချုပ် နွေရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်ပွဲတက်ရောက်

လွိုင်ကော် မေ ၁၁

ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကယားပြည်နယ်လူငယ်ရေးရာကော်မတီ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစား သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း ရုံအမှတ် (၃) ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်ပွဲအမှာစကားပြောကြားရာတွင် ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် မိမိတို့ဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့် အားကစားသမားကောင်းများဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး အတွေးအခေါ်မှန်ကန်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များဖြစ်လာစေရန်၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်စသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေး မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများနှင့်အတူ အားကစားဝါသနာရှင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေနှင့် လက်ရွေးစင်ကစားသမားများဖြစ်လာသည်အထိ ဇွဲ၊ လုံ့လ၊ ဝီရိယထား၍ ကြိုးစားသွားကြရန်နှင့် နည်းပြဆရာများကလည်း ထူးချွန်အားကစားသမားကောင်းများဖြစ်လာအောင် စနစ်တကျလေ့ကျင့်သင်ကြားပေးရန် မှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများကို လိုက်လံနှုတ်ဆက်သည်။ ဆက်လက်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့က ဂုဏ်ပြုသီချင်းဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်ရာ သင်တန်းသားများကိုယ်စား နည်းပြနှစ်ဦးကလည်းကောင်း၊ တီးမှုတ်ဖျော်ဖြေခဲ့သည့် အ.ထ.က - (၁) ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ကိုယ်စားလှယ်နှစ်ဦးကလည်းကောင်း လက်ခံရယူခဲ့သည်။

အဆိုပါ အဆင့်မြင့်နွေရာသီအားကစားသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၈၇ ဦးကို အားကစားနည်း ၆ နည်းဖြင့် မေလ ၁၁ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်ဆက်)