ကံမ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ မဒေးရေလှောင်တမံ ဆည်ရေသောက်ဧရိယာတွင် ပါဝင်သည့် ကျေးရွာများရှိ ဒေသခံတောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးချိန် ရေလေလွင့်မှုမရှိစေရန်၊ စိုက်ပျိုးရေကို ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချနိုင်စေရန်နှင့် စိုက်ပျိုးရေကို စိုက်ကွင်းများဆီသို့ အချိန်တိုအတွင်း လိုအပ်သော ရေပမာဏရရှိစေရန်အတွက် လယ်ကြားမြောင်းများတူးဖော်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
မဒေးရေလှောင်တမံဆည်ရေသောက်ဧရိယာတွင် (၂၀၂၅-၂၀၂၆)ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ ၌နွေစပါး (၁၇၂၇)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် သီးနှံအတွက် လိုအပ်ရေပမာဏအတိုင်း အချိန်မီရရှိစေရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မဒေးတူးမြောင်းမကြီး၊ လက်ဝဲမြောင်းမကြီး၊ လက်ယာမြောင်းမကြီးများမှတစ်ဆင့် စိုက်ပျိုးရေကို လိုအပ်သလို ရေပေးဝေစီမံဆောင်ရွက်ပေးလျက်ရှိသည်။
မဒေးရေလှောင်တမံမှ ဆည်ရေဖြင့် နွေသီးနှံများစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်တွင် စိုက်ပျိုးရေများ စတင်ပေးဝေခဲ့ရာ ဧပြီ (၃၀)ရက်ထိ နွေစပါး(၁၈၄၉) လျာထားဧကထက်(၁၂၂)ဧက ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
အဆိုပါ သီးနှံစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေရန်စိုက်ကွင်းများဆီသို့ အချိန်တိုတွင်း လိုအပ်သော ရေပမာဏရရှိစေရေးအတွက် လယ်ကြားမြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ နွေသီးနှံစိုက်ခင်းများတွင် လိုအပ်သော စိမ့်မြောင်း၊ ပတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ဒေသခံတောင်သူများ၊ ရေအသုံးချသူများအဖွဲ့ (WUG) များနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
ကျော်ဇေယျဝင်း(ကံမ)