ကျောက်တံခါးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောက်တံခါး  မေ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးမျိုးမင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကလေးအလုပ်သမားနှင့်ပတ်သက်၍ ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးသူငယ်များအား ခိုင်းစေခြင်းမပြုရမည့် အလုပ်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ၊ ကလေးသူငယ်များအား လုပ်ကိုင်ခွင့်မပြုသည့်နေရာများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက် စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား သိရှိနိုင်စေရန် အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ထို့နောက်  ကျောင်းသား၊  ကျောင်းသူလေးများက  ပြသထားသော  နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးမင်း(ကျောက်တံခါး)