စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှာမှု အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး မေ ၁၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှာမှု အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက အခြေခံပညာမူလတန်းလွန်းကျောင်း(ရေဦး)သို့ သွားရောက်ကွင်းဆင်းခဲ့ရာ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာအုပ်၊ စာပေနှင့်ရင်းနီးစေရန်၊ စာပေလေ့လာဖတ်ရှုမှတ်သားသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က ကျောင်းသားလူငယ်များ ရည်မှန်းချက်ထားကြိုးစားရန်၊ ကျောင်းသင်ခန်းစာများကို အထောက်အကူဖြစ်စေမည့် စာအုပ်၊ စာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားရန်နှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးမျာကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးနံရံကပ်စာစောင်များ၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် အသိပညာပေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများ စာရေးဆရာကြီးများ၏ အဆိုအမိန့်များစသည့် နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဦးမျိုး(ဗိဿနိုးမြေ)