ပွင့်ဖြူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ မေ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး ယမန်နေ့က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော အကူအညီပေးရေး ပူးပေါင်းအဖွဲ့က ကန်ဆွယ်ကျေးရွာအုပ်စုနှင့် ကျောင်းတော်ရာကျေးရွာအုပ်စုသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာအကူအညီပေးရေးအဖွဲ့မှ မြို့နယ်လဝကဦးစီးမှူး ဦးကျော်သူရ ဦးဆောင်သော ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကန်ဆွယ်ကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများကို တွေ့ဆုံကာ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းခြင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ခြင်း၊ ကျေးရွာတာဝန်ခံများနှင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ချပြရှင်းလင်းပြောကြားကာ ကျေးရွာအုပ်စုအလိုက် ကြီးကြပ်ရေးအဖွဲ့နာယက(၅)ဦးစီ ရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)