ဖြူး မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၆ နှစ်ထပ်ကွမ်းလူရည်ချွန် ကျောင်းသား မောင်ထက်ဝေယံလင်း Grade-10 သည် အင်းလေးလူရည်ချွန်စခန်းသွားရောက်ပြီး ယနေ့နံနက် (၉) နာရီအချိန်က ဖြူးမြို့နယ်သို့ပြန်လည်ရောက်ရှိလာပြီး ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို အ.ထ.က (၁) ကျောင်း ရာပြည့်ခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
ဦးစွာ လူရည်ချွန်စခန်းမှ ပြန်လည်ရောက်ရှိလာသော နှစ်ထပ်ကွမ်းလူရည်ချွန် မောင်ထက်ဝေယံလင်း Grade-10 အား မြို့နယ်ပညာရေးမှူး၊ အ.ထ.က (၁)၊ အ.ထ.က(၂)၊ အ.ထ.က (၃) ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မိဘဆရာအသင်းများမှတာဝန်ရှိသူများ၊ လူရည်ချွန်ကျောင်းသား၏ မိဘဆွေမျိုးများက ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးကျော်စွာဝင်းက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က (၁)၊ အ.ထ.က(၂)၊ အ.ထ.က (၃) ကျောင်းအုပ်ကြီးများက ဂုဏ်ပြုလက်ဆောင်များပေးအပ်ရာ နှစ်ထပ်ကွမ်းလူရည်ချွန် မောင်ထက်ဝေယံလင်းက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
နှစ်ထပ်ကွမ်းလူရည်ချွန် ကျောင်းသား မောင်ထက်ဝေယံလင်း Grade-10 သည် ဖြူးမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိပြီး Grade- 9 နှင့် Grade-10 တန်းများတွင် လူရည်ချွန်ဆုရရှိခဲ့ပြီး (နှစ်ထပ်ကွမ်းလူရည်ချွန်) တစ်ဦးဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)