ပခုက္ကူမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ပခုက္ကူ မေ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က “၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ကာလအတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခုဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ အမျိုးသမီးနှင့်လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးခြင်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်လုပ်ကိုင်ကာ မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ချက်များဖြင့် ထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း လက်ရက်ကန်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” တိုက်တွန်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းကာလအတွင်း သင်ကြားပို့ချပေးမည့်ဘာသာရပ်များနှင့် သင်တန်းစည်းမျဉ်းစည်း ကမ်းများအကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီး သန်းဝင်းက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက လက်ရက်ကန်းနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး သင်တန်းကာလအတွင်း သင်ကြားပို့ချပေးမည့် လက်ရက်ကန်းသုံးကုန်ကြမ်းနှင့် ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား လိုက်လံကြည့်ရှုအားပေးကြသည်။

အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းကို ၂၀၂၆ခုနှစ် မေလ ၁၁ရက်မှ ဇွန်လ ၉ ရက်နေ့အထိနှင့် ဒီဇိုင်းအထူးပြုဖဲနုတ်ကောက်သင်တန်းကို ဇွန်လ ၁၇ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ သင်တန်းသား သင်တန်းသူ(၁၀)ဦးကို စာတွေ့ ၃၀ ရာခိုင်နှုန်း လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထူးချွန်သူငါးဦးအား ရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်နိုင်ရေးလုပ်ငန်း သုံးပစ္စည်းများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)