ပြည် မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူးက လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အဖွဲ့အတွင်းရေးမှူး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က ပြိုင်ပွဲများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများကို အကြံပြုဆွေးနွေးတင်ပြကြရာ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဝဏ္ဏထွန်း (ပြန်/ဆက်)