ကန့်ဘလူမြို့နယ်အတွင်း၌ လယ်ယာလုပ်ငန်းခွင်ဝင်ရန် မြေပြုပြင်ထွန်ယက်ခြင်းများဆောင်ရွက်

ကန့်ဘလူ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မေလဆန်းပိုင်းကစတင်၍ ရွာသွန်းခဲ့သောမိုးများကြောင့် မြို့နယ်အတွင်းရှိကျေးရွာများမှ တောင်သူလယ်သမားများသည် လယ်ယာလုပ်ငန်းခွင်ဝင်ရန် မြေပြုပြင်ထွန်ယက်ခြင်းလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ လယ်ယာလုပ်ငန်းခွင်ဝင်ရန် ဆောင်ရွက်ကြရာတွင် စိုက်ပျိုးလယ်ယာမြေများ၌ မြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းတို့ကို ပြုလုပ်ထွန်ယက်ပြီး ထွက်ရှိလာသောအအမှိုက်များကို မီးရှို့ကြသည်။ ယင်းနောက် လယ်ယာမြေများ၌ သဘာဝမြေဩဇာများချ၍ မြေပြင်ဆောင်ရွက်ကြကြောင်း သိရသည်။

"မိုးဦးမှာ စိုက်ပျိုးဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာပါ။ မိုးကျတော့ ချက်ချင်းစိုက်ပျိုးလို့ရတာပေါ့။ အများအားဖြင့် မြေပဲ၊ ပြောင်းအစိုက်များပါတယ်။ ကျွန်တော်တို့ဒေသမှာတော့ မိုးစပါးကို ဝါဆို၊ ဝါခေါင်မှာစိုက်ပျိုးကြပါတယ်” ဟု လိတ္ထူကျေးရွာမှ တောင်သူဦးထွန်းမြင့်က ပြောသည်။

တချို့မြေအစိုဓာတ်ပိုမိုရရှိသော လယ်ယာမြေများတွင် မြေပဲများစတင်စိုက်ပျိုးပြပြီး အခြားဒေသများတွင်မူ စိုက်ပျိုးပြီးဖြစ်ကြောင်း၊ အများအားဖြင့် နောက်ထပ်မိုးရွာမည့်ရက်များတွင် အဆင်သင့်စိုက်ပျိုးနိုင်ရန်အတွက် ထွန်ယက်ပြင်ဆင်ထားကြကြောင်းသိရသည်။ ထို့ပြင် ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်တွေ့ဆုံကာ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)